တာမွေမြို့နယ်၌ ဥပဒေရေးရာ အသိပညာပေး ပြည်သူ့စကားဝိုင်းကျင်းပ

တာမွေ ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဥပဒေရေးရာအသိပညာပေး ပြည်သူ့စကားဝိုင်းကို ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တာမွေမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ထက်ခိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ထွန်းက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးဝင်းမြတ်ကိုက ကလေးအလုပ်သမားဥပဒေဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း၊ အမှတ်(၂၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးအေးသန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက ဆွေးနွေးခဲ့သည့် ဥပဒေရေးရာအကြောင်းအရာများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး တက်ရောက်လာကြသူများသည် ခန်းမအတွင်း ပြသထားသော ဥပဒေ‌ရေးရာဆိုင်ရာ နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင် များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာသည်။

အခမ်းအနားသို့ တာမွေမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ထက်ခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ  အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများ အကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများ ရှိလာစေရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရသည်။

နိုင်လင်းအောင်( ပြန်/ဆက် )