မချမ်းဘော ဇွန် ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ဒေသခံပြည်သူများ ကျန်းမာရေးစစ်ဆေးကုသခြင်းများ ခံယူနိုင်ရန်အတွက် ပြည်သူအတွက် ပထမရက် ၁၀၀ အထိမ်းအမှတ် ခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များ (အခမဲ့)ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မချမ်းဘောမြို့ ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်လျက်သည်။
အဆိုပါ (အခမဲ့)ကွင်းဆင်းကုသဆောင်ရွက်ရာတွင် ပူတာအိုခရိုင် ပြည်သူ့ဆေးရုံဆရာဝန်ကြီး ဒေါက်တာ ချမ်းငြိမ်းအောင် ဦးဆောင်သော ခွဲစိတ်အထူးကုဆရာဝန်၊ သားဖွားမီးယပ် အထူးကုဆရာဝန်၊ သွားဆရာဝန်၊ ဓာတ်မှန်ဆရာဝန်၊ရိုးအကြော အထူးကုဆရာဝန်၊ ကလေးအထူးဆရာဝန်နှင့် သမားတော်များက ရောဂါများစစ်ဆေးကုသပေးခြင်း ECG ဆွဲပေးခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်း၊ အရိုးနှင့်အကြောဆိုင်ရာများ စမ်းသပ်စစ်ဆေးပေးခြင်း၊ ကလေးကျန်းမာရေးဆိုင်ရာများ စစ်ဆေးကုသပေးခြင်း၊ လိုအပ်သောဆေးဝါးနှင့် အားဆေးများအခမဲ့ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိရာ မချမ်းဘောမြို့နယ်အတွင်းရှိ ရပ်နီးရပ်ဝေးမှ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ လာရောက်စစ်ဆေးကုသမှုခံယူကြသည်။
အဆိုပါအခမဲ့ ကွင်းဆင်းဆေးကုသဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)