မိုင်းဖြတ်မြို့၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားရေး ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေး ဆောင်ရွက်

မိုင်းဖြတ်  ဇန်နဝါရီ  ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထား နိုင်ရေးအတွက် ရပ်မိရပ်ဖ ၅ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ဝင် ရွေးချယ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်ခန့် က အဖွဲ့(၄) နမ့်ပန်ကျေးရွာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရပ်မိ/ရပ်ဖ ၅ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်ကြီးကြပ်မှုကော်မတီ အဖွဲ့(၄) ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေး က ရပ်မိ/ရပ်ဖ ၅ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ဝင် ရွေးချယ်ရေးအတွက် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အဖွဲ့ဝင်ဖြစ်သည့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန် က ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အကျဉ်းနှင့် လိုက်နာရမည့် စည်းကမ်းများကို ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ရပ်မိ/ရပ်ဖ ၅ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ဝင်ရွေးချယ်ရေး မြို့နယ်ကြီးကြပ်မှုကော်မတီ အဖွဲ့(၄) ဥက္ကဋ္ဌ ဦးမြင့်ဌေးနှင့် အဖွဲ့ဝင်များ၊ နမ့်ပန်အုပ်စုအတွင်းရှိ ကျေးရွာ ၂၄ ရွာမှ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ တက်ရောက်ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)