ကျောက်တလုံးကြီးမြို့တွင် နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကျောက်တလုံးကြီး ဇွန် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများကို အ.မ.က ထီပုန်းနှင့် အ.လ.က (ခွဲ) နောင်ဟိုင်းကြီးကျောင်းတွင် ယနေ့နံနက် ၈ နာရီခွဲက ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီး မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်မူးယစ်ဆေးစသည်တို့ကို ဟောပြောပြီး ဝန်ထမ်းများက ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာအုပ်ပြပွဲနှင့် မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်‌ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်သည်။

အဆိုပါ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲသို့ အ.မ.က ထီပုန်းနှင့် အ.လ.က(ခွဲ) နောင်ဟိုင်းကြီးမှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်လှည့်လုပ်ငန်းများအပြင် အွန်လိုင်းမှတစ်ဆင့်  အသိပညာပေးလုပ်ငန်းများကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း