ကျောက်မဲ ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များ ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေပါ ကြီးကြပ်ရေးအဖွဲ့တွင် ပါဝင်သည့် ရပ်မိ/ရပ်ဖ (၅)ဦး၏ အရည်အချင်း သတ်မှတ်ချက်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်း သတ်မှတ်ချက်များ၊ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်း တာဝန်များစသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။
ကျောက်မဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၉၀) ရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်သည့်ကိစ္စ ဆောင်ရွက်နိုင်ရန် အကူအညီပေးရေးအဖွဲ့ (၈)ဖွဲ့ကို ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းတာဝန်ပေးထား ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)