မိုင်းပျဉ်းမြို့‌ အထကကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းပျဉ်း ဇွန် ၁၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့ (၉) နာရီက အဆိုပါကျောင်း နဝဒေးခန်းမတွင် ကျင်းပ‌ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး၏ကိုယ်စား အထက်တန်းပြဆရာမ ဒေါ်မို့မို့စိန်က အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအနေဖြင့် မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲလာနိုင်သော အခြေအနေများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ဖြစ်ပေါ်လာနိုင်သည့် ရောဂါလက္ခဏာများ၊ ယနေ့ခေတ်ရေပန်းစားနေသော Happy Water အကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)