တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး  ဇန်နဝါရီ  ၂၁

ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီ က တောင်ကြီးမြို့ ရှမ်းပြည်နယ် လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် က နှုတ်ခွန်းဆက်စကားပြောကြားရာ ရှမ်းပြည်နယ်လွှတ်တော် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့မှစတင်၍ ကျင်းပမည်ဖြစ်ကြောင်းနှင့် ယနေ့ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများကို ကော်မတီများဖွဲ့စည်းထားကြောင်း ဝိုင်းဝန်းပူပေါင်းကာ လိုအပ်သည်များကို ဖြည့်ဆည်းအကြုံပြု ဆောင်ရွက်ပေးကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်း က ရှမ်းပြည်နယ်လွှတ်တော် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးနှင့် ပတ်သက်၍ ဆွေးနွေးကာ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းမှုအား ဖတ်ကြားရှင်းလင်းကာ လုပ်ငန်းကော်မတီများဖြစ်သည့် ကျင်းပရေးဦးစီးကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ကော်မတီ၊ တည်းခိုနေရာချထားရေး ကော်မတီ၊ လုံခြုံရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ သယ်ယူပို့ဆောင်ရေးကော်မတီ၊ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးကော်မတီ၊ အစည်းအဝေးခန်းမ ပြင်ဆင်ရေးကော်မတီအသီးသီးတို့မှ တင်ပြဆွေးနွေးကြပြီး အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်မှ နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)