မရမ်းကုန်း ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံတွင် ယမန်နေ့နံနက် (၈) နာရီအချိန်က ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့သည်။
ထို့သို့ ကုသဆောင်ရွက်ပေးရာတွင် အသက် ၁၂ နှစ်အောက် ကလေးများအတွက် ရောဂါကုသပေးခြင်း၊ အသက် ၁၂ နှစ်အထက် ရောဂါဝေဒနာရှင်များကို အထွေထွေသမားတော်များက ကုသပေးခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ရောဂါဝေဒနာရှင်များ၊ မျက်စိရောဂါဆိုင်ရာ ဝေဒနာရှင်များ၊ သားဖွားမီးယပ်၊ အရေပြားဆိုင်ရာရောဂါဝေဒနာရှင်များ၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါ ဝေဒနာရှင်များ၊ ခွဲစိတ်ကုသခြင်းဆိုင်ရာ ကုသမှုလိုအပ်နေသောဝေဒနာရှင်များ၊ စိတ်ကျန်းမာရေးဝေဒနာရှင်များ၊ အာထွာရာဆောင်း (Ultrasound)၊ ဓာတ်မှန်၊ အဆုတ်နှင့် ရင်ခေါင်းဓာတ်မှန် (X-ray) ရိုက်ပေးခြင်း (တီဘီရောဂါရှာဖွေပေးခြင်း)၊ ECG ဆွဲပေးပြီးအဖြေထုတ်ပေးခြင်း၊ ဆီးချိုနှင့် ဟော်မုန်းဝေဒနာရှင်များ၊ နှလုံးရောဂါဆိုင်ရာဝေဒနာရှင်များ၊ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဝေဒနာရှင်များ၊ သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးပေးခြင်းတို့ကို အခမဲ့ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်နေမှုကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနန္ဒဝင်းနှင့်အဖွဲ့တို့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ (မရမ်းကုန်း)