ဇေယျာသီရိ ဇန်နဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
ရှေးဦးစွာ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်၊ ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်တို့က တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်းစဉ်များ ချပြရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်ထွန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်မျိုးလွင်နှင့် မြို့နယ်လဝက ဦးစီးမှူး ဦးစန်းနောင်တို့က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းလုပ်ငန်းစဉ်များနှင့် ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်းများ၊ အခြေခံရမည့်အိမ်ထောင်စုစာရင်းနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပုံအဆင့်ဆင့်တို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်၊ ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးလင်းထွန်း(ဇေယျာသီရိ၊ ပြန်/ဆက်)