နမ့်စန်(တ) ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စုတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ် ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေး အဖွဲ့ (၅)ဦး ရွေးချယ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ ကျေးရွာ (၁၃) ရွာမှ ပြည်သူ (၇၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်ချက်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲပြီး မြို့နယ် အဆင့်ဌာနဆိုင်ရာအကူအညီပေးရေးအဖွဲ့ (၂) မှ အဖွဲ့ခေါင်းဆောင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖေမောင်တင်က ကြီးကြပ်ရေးအဖွဲ့၏ သတ်မှတ်အရည်အချင်းများနှင့် တာဝန်များကို ရှင်းလင်းပြော ကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်နှင့် တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြပြီး ဝမ်ပုံကျေးရွာအုပ်စုရှိ ကျေးရွာ (၁၃)ရွာမှ ကျေးရွာနေပြည်သူများ၏ အဆိုပြုရွေးချယ်မှုအရ ကြီးကြပ်ရေး အဖွဲ့(၅)ဦးကို စနစ်တကျ ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။
နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက်(၁၁)ခုနှင့် ကျေးရွာအုပ်စု(၂၀)စုရှိပြီး ကြီးကြပ်ရေး အဖွဲ့ဝင်များရွေးချယ်ခြင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ဦးဆောင်ကြီးကြပ်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (၇)ဖွဲ့ ဖြင့် ဇန်နဝါရီ ၂၀ ရက်မှစတင်ကာ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)