လယ်ဝေး ဇွန် ၁၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ၂နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးကအမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသဇင်မြင့်က ကျောင်းသား/ကျောင်းသူများအတွက် စာရေးကိရိယာများလှူဒါန်းပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များ လှူဒါန်းခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသဇင်မြင့်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က(၂)လယ်ဝေး Grade.11 မှ မမေသူကျော်က လူငယ်နှင့်စာဖတ်ခြင်း၊ Grade.11 မှ မခင်ဆုထက်က လူငယ်နှင့်ရည်မှန်းချက်၊ Grade-9 မှ မခင်ခန့်မှူးလှိုင်က လူငယ်နှင့်ကျန်းမာရေး၊ Grade-9 မှ မအင်ကြင်းမေက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသားကျောင်းသူလေးများက သိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်နှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)