နေပြည်တော် ဇွန် ၁၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ မင်္ဂလာသိဒ္ဓိပန်းခြံစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာကုမ္ပဏီမှတာဝန်ရှိသူက ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းက နေပြည်တော်ရေပန်းဉယျာဉ်သည် နေပြည်တော်၏ အချက်အချာကျသည့် Heart Land နေရာတွင်တည်ရှိကြောင်း၊ နေပြည်တော်တွင် နေထိုင်ကြသည့် ဝန်ထမ်းများနှင့် အများပြည်သူများ၊ နေပြည်တော်သို့ အလည်အပတ်လာရောက်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေအနားယူနိုင်စေရန်အတွက် အသစ်ထပ်မံတည်ဆောက်မည့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို စံချိန်စံညွှန်းအရည်အသွေးပြည့်မီစွာ ခေတ်မီနည်းစနစ်များ အသုံးပြု၍ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရေပန်းဥယျာဉ်အတွင်းရှိ ရေများသန့်စင်စေရေး၊ ပန်းခြံများစိမ်းလန်းစိုပြည်သာယာလှပစေရေး၊ လာရောက်အပန်းဖြေသည့် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် အထူးအလေးထားဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ရေပန်းဥယျာဉ်အတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပမှုရှိစေရေးအတွက် လူသွားလမ်းများတစ်လျှောက် ခြုံနွယ်ပိတ်ပေါင်းများ ပြုပြင်ရှင်းလင်းဆောင်ရွက်သွားရန်နှင့် ချို့ယွင်းပျက်စီးနေသည့်နေရာများ အမြန်ဆုံးပြင်ဆင်ဆောင်ရွက်သွားရန်၊ အသစ်ထပ်မံဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား လိုအပ်ချက်မရှိစေရေး နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာကုမ္ပဏီတို့မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်းမှာကြားသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းဘေးရှိ မင်္ဂလာသိဒ္ဓိပန်းခြံသို့ ဆက်လက်သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့တော်ဝန်က ပန်းခြံအဝင်လမ်း အက်ကြောင်းများမရှိစေရေးပြုပြင်ဆောင်ရွက်သွားရန်၊ ပန်းခြံအတွင်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဗေဒါပင်များ ဆယ်ယူရှင်းလင်းဆောင်ရွက်သွားရန်၊ Gazebo လက်ရန်းများနှင့်ထိုင်ခုံများအား သစ်လွင်တောက်ပမှုရှိစေရန်၊ အများပြည်သူများ အပန်းဖြေအနားယူသည့် နေရာဖြစ်သည့်အတွက် အမြဲတမ်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်တောရကျောင်း(မြို့တော်ဝန်ကျောင်း)သို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တခေမာနန္ဒအား ဖူးမျှော်ကြည်ညိုကာ နဝက္ကမအလှူငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် နေပြည်တော်ကောင်စီဝင်များက အဘိဝိနယာစရိယစာတော်ပြန်ပွဲစာဖြေခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်းက ကြီးမှူးကျင်းပသည့် အဋ္ဌမအကြိမ်မြောက် အဘိဝိယာစရိယစာတော်ပြန်ပွဲတွင် စာဖြေသံဃာ(ရဟန်း/သာမဏေ) ၁၃၀ ပါးဖြင့် ကျင်းပနေမှုအားလှည့်လည်ကြည်ညိုကာ စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများအားဖူးမျှော်ကြည်ညို၍ နဝက္ကမအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)