မန္တလေးတိုင်းဒေသကြီးအတွင်း ငါးနှစ်တာကာလတွင် မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၃၇၀၀ ကျော် ဆုံးရှုံးခဲ့

မန္တလေး ဇန်နဝါရီ  ၂၁

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၆ခုနှစ်မှ ၂၀၂၀ခုနှစ်အထိ ငါးနှစ်တာကာလတွင် မီးလောင်မှု ၁၂၀၃ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၃၇၂၉.၇၄၅သန်း ဆုံးရှုံးခဲ့ကြောင်း  မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

" များသောအားဖြင့် လျှပ်စစ်မီးကြောင့် လောင်တာက များတယ်။ အဆောက်အအုံတွေ စတင်ဆောက်လုပ်တဲ့အခါမှာ လျှပ်စစ်မီးတွေ တပ်ဆင်ပြီးဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် ကြာလာတဲ့အခါမှာ လျှပ်စစ်တွေ ပြန်ပြီး စစ်ဆေးခြင်း ကြိုးတွေ လှဲလှယ်ခြင်း၊ ပြုပြင်ခြင်းတွေကို မလုပ်ဘဲ ဆက်သုံးတဲ့အခါမှာ အရင်တုန်းက ဆောက်တဲ့အဆောက်အဦးတွေက လျှပ်စစ်ကို Lightingအတွက်ဘဲ သုံးတယ်။ ကြာလာတဲ့အခါမှာ အိမ်မှာ အဆင့်မြင့်ပစ္စည်းတွေဖြစ်တဲ့ ရေခဲသေတ္တာတို့ အဝတ်လျှော်စက်တို့ အဲယားကွန်းတို့ ဒါတွေသုံးတဲ့အခါမှာ ကြိုးအားနဲ့ ဝန်အားနဲ့မမျှတာရယ် နောက်တစ်ခါ သုံးတဲ့ပစ္စည်းကို ခံနိုင်ရည်မရှိလို့ လျှပ်စစ်မီးက စတင်လောင်ကျွမ်းတာတွေ များပါတယ်။ " ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၆ခုနှစ်တွင် မီးလောင်မှု ၂၁၂ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၂၅၈.၂၁သန်း ဆုံးရှုံးခဲ့ကြောင်း၊ ၂၀၁၇ခုနှစ်တွင် မီးလောင်မှု ၂၀၂ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၉၃.၆၁၈သန်း ဆုံးရှုံးခဲ့ကြောင်း၊ ၂၀၁၈ခုနှစ်တွင် မီးလောင်မှု ၂၁၅ကြိမ်ဖြစ်ပွားခဲ့ပြီး ၄၃၁.၇၂၈သန်း ဆုံးရှုံးခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်တွင် ၂၇၆ကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၄၃၂.၇၆၆သန်း ဆုံးရှုံးခဲ့ကြောင်း၊ ၂၀၂၀ခုနှစ်တွင် မီးလောင်မှု ၂၉၈ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၃၁၃.၄၂၃သန်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

" မီးလောင်မှုကြောင့် သေဆုံးတာက ၂၀၁၉ခုနှစ်မှာ ၃ယောက် သေဆုံးခဲ့တယ်။ ၂၀၂၀ခုနှစ်မှာတော့ သေဆုံးသူက ၁၃ဦးဖြစ်တယ်။ အဓိကကတော့ အရင်တုန်းကဆောက်ခဲ့တဲ့ အဆောက်အအုံတွေက မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနရဲ့ အကြံပြုချက်တွေ ရယူပြီး တည်ဆောက်ခဲ့တာတွေ မရှိခဲ့ဘူး။ အရေးပေါ်ထွက်ပေါက် စနစ်တွေ ထည့်သွင်းတည်ဆောက်ခြင်းမရှိဘဲ အဆောက်အဦးတွေမှာ ပင်မလှေကားတွေဘဲ ထည့်သွင်းတည်ဆောက်တဲ့အခါကျတော့ မီးလောင်တဲ့ အခါ အိမ်နောက်ဖေးအရေးပေါ်ထွက်ပေါက်ကနေ မဆင်းနိုင်တာတို့ တချို့ကျလည်း ခုန်ချတာတို့ သံပန်းသံတခါးတွေ အသေတပ်ဆင်ထားတာတွေကြောင့် ထွက်ပြေးစရာ အရေးပေါ်ထွက်ပေါက် မရှိတဲ့အခါကျ အသက်ရှူကြပ်ပြီး မီးခိုးမွမ်းသေဆုံးတာတွေ များလာတာပါ။ အဲဒါကြောင့် အဆောက်အအုံတွေ တည်ဆောက်တဲ့အခါမှာ မီးဘေးလုံခြုံရေး အကြံပြုချက်တွေ ရယူပြီး Fire Safty Certificateတွေ ရယူပြီးတော့မှ တည်ဆောက်ပါလို့ အကြံပြုချင်ပါတယ်။ " ဟု ၎င်းက ပြောသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် မီးလောင်မှု ၂၂ ကြိမ်၊ ဖေဖော်ဝါရီလတွင် မီးလောင်မှု ၄၇ ကြိမ်၊ မတ်လတွင် မီးလောင်မှု ၅၂ကြိမ်၊ ဧပြီလတွင် ၃၄ ကြိမ်၊ မေလတွင် ၃၀ ကြိမ်၊ ဇွန်လတွင် မီးလောင်မှု ၁၆ကြိမ်၊ ဇူလှိုင်လတွင် မီးလောင်မှု ၂၃ကြိမ်၊ သြဂုတ်လတွင် မီးလောင်မှု ၁၃ ကြိမ်၊ စက်တင်ဘာလတွင် မီးလောင်မှု ၁၉ ကြိမ်၊ အောက်တိုဘာလတွင် မီးလောင်မှု ၁၇ ကြိမ်၊ နိုဝင်ဘာလတွင် မီးလောင်မှု ၁၅ ကြိမ်၊ ဒီဇင်ဘာလတွင် မီးလောင်မှု ၁၀ကြိမ် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၅၄ ဦးနှင့် သေဆုံးသူ ၁၃ ဦးရှိခဲ့ကြောင်း သတင်းရရှိသည်။

ထိပ်ထားနိုင်