တိုက်ကြီးမြို့နယ်တွင် စွန်ကြိုးလည်ပင်းရစ်ပတ်၍ သေဆုံးခဲ့သူ၏ မိသားစုအား ထောက်ပံ့ကြေးငွေများပေးအပ်

တိုက်ကြီး ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဘူတာရပ်ကွက် အောင်စိုးမိုးကားဂိတ် အနီး ရန်ကုန်-ပြည်လမ်းပေါ်တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းအချိန်က ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦးအား စွန်လွှတ်ရာတွင် အသုံး ပြု သော မှန်စာအပ်ချည် ကြိုး လည်ပင်းရစ်ပတ်ရာမှ သေဆုံးမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူ ဦးစောကျော်ဦး(ခ)ဦးခလဲပင်(၄၅)နှစ် ကျောင်းစုကျေးရွာ လိမ္မော်ခြံ ကျေးရွာအုပ်စု တိုက်ကြီး မြို့နယ်နေသူ၏ ကျန်ရစ်သူ မိသားစုဝင်များအား ယမန်နေ့ ညနေ(၃)နာရီ အချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက ထောက်ပံ့ကြေးငွေ (၂၅၀၀၀၀/-) ကျပ်ကို လိမ္မော်ခြံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးတွင် သွားရောက် ထောက်ပံ့ပေးအပ်ကာ အားပေးစကားများ ပြောကြားခဲ့သည်။

တိုက်ကြီးမြို့နယ်အတွင်း မှန်စာအပ်ချည်ကြိုးအသုံးပြု၍ စွန်လွှတ်ခြင်းများကြောင့် မှန်စာအပ်ချည် ကြိုးပြတ်ကျသော အပိုင်းအစ များငြိကာ လူသေဆုံးခဲ့မှုများဖြစ်ပွားခဲ့ခြင်းကြောင့် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ စွန်လွှတ်ခြင်းများ မပြုလုပ်ကြရန် အတွက် ဇန်နဝါရီလ (၁၉)ရက်နေ့တွင် ဒေသန္တရအမိန့် (၃/၂၀၂၁)ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)