ကျောက်တန်းမြို့နယ်၌ မြေဆီလွှာပြုပြင်ထိန်းသိမ်းနည်းနှင့် မြေဩဇာစနစ်တကျ အသုံးပြုနည်း တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ်

ကျောက်တန်း ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၌ မြေဆီလွှာပြုပြင်ထိန်းသိမ်းနည်းနှင့် မြေဩဇာစနစ်တကျအသုံးပြုနည်း တောင်သူနည်း ပညာပေးသင်တန်းကို ယမန့်နေ့က ခနောင်ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်က စိုက်ပျိုးမြေများ မြေဆီလွှာထိန်းသိမ်းခြင်းနှင့် မြေဩဇာများတွဲဖက်အသုံးပြုခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ကျောက်တန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇာနည်လှိုင်နှင့် နည်းပညာပေးဝန်ထမ်းများက မြေဆီလွှာအဖွဲ့အစည်း၊ မြေသားတည်ဆောက်ပုံ၊ သီးနှံပင်များအပေါ် မြေဆီလွှာ၏သက်ရောက်မှုများ သီးနှံပင်များအတွက် အာဟာရဓာတ်များနှင့် သီးသန့်လုပ်ဆောင်ချက်များ၊ အပင်အာဟာရဓာတ်ချို့တဲ့မှု၊ မြေဆီလွှာပြဿနာများနှင့် အကျိုးသက်ရောက်မှုများ၊ ယနေ့စိုက်ပျိုးရေးကဏ္ဍ၏ရည်မှန်းချက်အဖြစ် အထွက်နှုန်းအပြင် အရည်အသွေးကောင်းမွန်ရေးနှင့် ရေရှည်တည်တံ့သောစိုက်ပျိုးထုတ်လုပ်နိုင်စွမ်းအပေါ် စီမံခန့်ခွဲမှုနည်းလမ်းများ၊ ဘက်စုံအာဟာရဓာတ်စီမံခန့်ခွဲမှုနှင့် မြေဩဇာများ စနစ်တကျအသုံးပြုနည်းများ စသည့်မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်းနည်းလမ်းတို့ကို ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး တောင်သူများနှင့်အပြန်အလှန်ဆွေးနွေးခြင်းနှင့် တောင်သူများမေးမြန်းချက်များအား ပြန်လည်ဖြေကြားဆွေးနွေးခဲ့ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်သူနည်းပညာပေးသင်တန်းကို ခနောင်ကျေးရွာအုပ်စု၊ မြကိုင်းကျေးရွာအုပ်စုနှင့် စစ်တပင်ကျေးရွာအုပ်စုများမှ တောင်သူစုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)