ဖယ်ခုံမြို့၌ နေရပ်ပြန်စိုက်ပျိုးတောင်သူများအား မိုးစပါးစိုက်ပျိုးရန် စပါးမျိုးစေ့ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ဖယ်ခုံ ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ နေရပ်ပြန်စိုက်ပျိုးတောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးစပါးစိုက်တောင်သူများအတွက် စပါးမျိုးစေ့ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဖယ်ခုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ဖယ်ခုံမြို့နယ် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်အေးချိုစိန်မှ ရှမ်းပြည်နယ်အစိုးရအနေဖြင့် နေရပ်ပြန်ပြည်သူများအား စိုက်ပျိုးမြေပြုပြင်ဆဲကာလ၌ မိုးစပါးမျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးအပ်မည်ဖြစ်ကြောင်း၊ မိမိဒေသဝမ်းစာဖူလုံရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေးသည် အရေးကြီးကြောင်း၊ တောင်သူများ၏စိုက်ပျိုးစရိတ်လျော့နည်းသက်သာစေရန်ရည်ရွယ်၍ ရွှေရင်အေးစပါးနှင့် ရွှေအပ်စပါးမျိုးစေ့များကို ဖြန့်ဖြူးပေးအပ်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်းမှ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဖယ်ခုံမြို့နယ် အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမြတ်လင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးကိန်မန်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ငွေလှိုင်၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာ ဒေါ်အေးချိုစိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ရင်၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသိန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သင်တို့က နေရပ်ပြန်မိုးစပါးစိုက်တောင်သူများအား ရွှေရင်အေးစပါးနှင့် ရွှေအပ်စပါးမျိုးစေ့များဖြန့်ဖြူးပေးအပ်ရာ ဖယ်ခုံမြို့နယ်ကုန်းဆုံကျေးရွာအုပ်စု၊ မိုးဗြဲကျေးရွာအုပ်စုတို့မှ တောင်သူများကလက်ခံရယူကြပြီး တောင်သူလယ်သမားများ ကိုယ်စား မိုးဗြဲကျေးရွာအုပ်စုမှ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖယ်ခုံမြို့နယ်နေရပ်ပြန် ပြည်သူစိုက်ပျိုးတောင်သူများအား မိုးဗြဲကျေးရွာအုပ်စုရှိ လယ်မြေဧက(၈၀၀)ကျော်နှင့် ကုန်းဆုံကျေးရွာအုပ်စုရှိ လယ်မြေဧက (၃၀၀) ကျော် စုစုပေါင်းဧက(၁၂၁၂)ဧကအတွက် စပါးတင်း (၁၈၁၈)တင်းအား မိုးစပါးစိုက်တောင်သူ (၆၂၄) ဦးထံ လက်ဝယ်အရောက်ဖြန့်‌ဖြူးပေးနေမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖွဲ့နှင့်တာဝန်ရှိသူများတို့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် သွားရောက်ကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။                                                     

မြို့နယ်ပြန်/ဆက်