ညောင်ရွှေမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ မိုးကြိုကာလ နွေစပါးနှင့် ကြံစိုက်တောင်သူများအတွက် ချေးငွေများ ထုတ်ချေးပေး

ညောင်ရွှေ  ဇန်နဝါရီ   ၂၁

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ နွေစပါးနှင့် ကြံစိုက်တောင်သူများအား ၂၀၂၁-ခုနှစ် မိုးကြိုကာလ ချေးငွေများထုတ်ချေးခြင်းကို ယမန်နေ့က ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

နွေစပါး တစ်ဧကအတွက် (၁၅၀၀၀၀/-) နှုန်း၊ ကြံတစ်ဧကအတွက် (၁၀၀၀၀၀/-)နှုန်းဖြင့် မြို့နယ် အတွင်းရှိ တောင်သူစုစုပေါင်း (၅၅၀၀)ဦး၊ စပါး(၁၁၉၃၂)ဧက၊ ကြံ(၂၈၉၄)ဧက အတွက် စုစုပေါင်း ချေးငွေ ကျပ်သိန်းပေါင်း (၂၀၇၄၇/-)ကို ယခုနှစ် မတ်လအကုန်တွင် အပြီးသတ်ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ကျွန်းကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၂၃၃)ဦးအား စုစုပေါင်းချေးငွေ ၄၇၂၅၀၀၀၀/- ကျပ် ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ အတိုးနှုန်းမှာ ချေးငွေ၏ (၅)ရာခိုင်နှုန်း ဖြစ်ကြောင်း၊ တောင်သူများသီနှံပေါ်လျှင် ချေးငွေကိုပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၂-ခုနှစ်၊ ဖေဖော်ဝါရီ လကုန်အထိ ချေးငွေကာလသတ်မှတ်ပေးထားကြောင်း၊ သတ်မှတ်ကာလ ကျော်လွန်ပါက ကျသင့်ဒဏ်တိုးကို ထပ်ဆင့် ပေးသွင်းရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ တောင်သူများ ချေးငွေထုတ်ယူမှု လွယ်ကူအဆင်ပြေစေရန်အတွက် KBZ Pay စနစ်ဖြင့် ချေးငွေများ ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ညောင်ရွှေမြို့နယ်ဘဏ်ခွဲမန်နေဂျာ ဒေါ်မာလာစိုး က ပြောကြားသွားသည်။

စိုင်းအယ်ဘဲ