စစ်တွေ ဇွန် ၁၈
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်း၌ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Abhay Thakur နှင့်အဖွဲ့အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ရှည်လျားလှသော ဆက်ဆံရေးအခြေအနေ များ၊ စစ်တွေမြို့၌ ကုလားတန်မြစ်ကြောင်းစီမံကိန်း ဘက်စုံသုံးဆိပ်ကမ်း ဆောက်လုပ်ပြီးစီးမှုနှင့် လွှဲပြောင်းပေးအပ်ခဲ့မှုအခြေအနေများ၊ ကုလားတန်မြစ်ကြောင်းစီမံကိန်း ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည့်အစီအမံများ၊ တည်ဆောက် ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဆေးဝါးများကူညီပေးမည့် အစီအမံများ၊ ရက်(၁၀၀)အတွင်း ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်နေမှုများ၊ ကုလားတန်မြစ်ကြောင်းအတွင်း သောင် တူးဖော်နေမှုအခြေအနေများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတား ပြုပြင် မည့်အစီအမံများ၊ ဆတ်ရိုးကျချောင်းအတွင်း သင်္ဘောများ ပုံမှန်အတိုင်း ဝင်ထွက်သွားလာနိုင်ရေး နှုန်းတူးဖော်မည့် အစီအမံ များစသည့်ကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် အခမ်းအနားသည် ရခိုင်ပြည်နယ်အတွင်းမှာရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးပြီး MSME လုပ်ငန်းရှင်များ၏ အခက်အခဲများကို ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် နေပြည်တော်တွင်ကျင်းပမည့် ကမ္ဘာ့ MSME နေ့ အခမ်းအနားနှင့် ပူးတွဲကျင်းပမည့် MSME ထုတ်ကုန်ပြပွဲတွင် ရခိုင်ပြည်နယ် ကိုယ်စားပြု သွားရောက်ပြသနိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးသွားရန် ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်ချက် များထဲတွင် ဒေသဆိုင်ရာ MSME အေဂျင်စီများအနေဖြင့် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် MSME One Stop Service ရုံးများဖွင့်လှစ်၍ တနေရာတည်း ဝန်ဆောင်မှုပေးသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်သွားရန် လမ်းညွှန်ထားပြီးဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အနေဖြင့် မကြာမီကာလတွင် MSME One Stop Service MSME ရုံးများဖွင့်လှစ်ပြီး MSME လုပ်ငန်းရှင်များ၏ အခက်အခဲများကို တနေရာတည်း ဝန်ဆောင်မှုပေး၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့စဉ်က MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ကုန်ကြမ်းများကို အခြေခံပြီး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ကြုံတွေ့နေရသည့်အခက်အခဲများကို လာရောက်တင်ပြပေးရန် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခမ်းအနားတွင်လည်း မိမိတို့ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အခြေအနေမှန်များကို သေသေချာချာ တင်ပြပေးရန် လိုကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးရမည့် အခြေအနေများကို လေ့လာသုံးသပ်လျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များ၏ တင်ပြဆွေးနွေးအကြံပြုချက်များအပေါ်တွင် လတ်တလော ဆောင်ရွက်ပေးနိုင်သည့် အခြေ အနေများကို ချက်ချင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရေရှည်ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ် များအပေါ်တွင်လည်း သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူးက MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ အေဂျင်စီဖွဲ့စည်း ဆောင်ရွက်မှုနှင့် နေပြည်တော်တွင်ကျင်းပမည့် ကမ္ဘာ့ MSME နေ့( World MSME Day) အခမ်းအနားနှင့် ပူးတွဲကျင်းပမည့် MSME ထုတ်ကုန်ပြခန်းပြသမည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး