ကျောက်တလုံးကြီးမြို့ ဒုံအုံးရပ်ကွက်၌ မိသားစုအပိုဝင်ငွေရရှိရန် ဈေးကွက်ဝင် လီလီပန်းများ စိုက်ပျိုးလျက်ရှိ

ကျောက်တလုံးကြီး     ဇန်နဝါရီ     ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ဒုံအုံးရပ်ကွက်တွင် တစ်ဖက်တစ်လမ်း မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ဈေးကွက်ဝင်လီလီပန်းကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

လီလီပန်းစိုက်ပျိုးသည့် ပန်းစိုက်တောင်သူ ဦးခွန်မောင်က စိုက်ပျိုးမည့်မျိုးဥများသည် ရောဂါကင်းလတ်ဆတ်ပြီး အမြစ်များရှင်သန်ရန် လိုအပ် ကြောင်း၊ အပင်စိုက်ပျိုးမည့် စိုက်ဘောင်နှင့် စိုက်ကျင်းအနက်သည် စိုက်ပျိုးမည့် ဥအရွယ်အစားမူတည်၍ ရွေးချယ်ရမည် ဖြစ်ကြောင်း၊ စိုက်ဘောင်ကျင်းတွင် နွားချေးနှင့် အာမို၊ ဒီစူပါမြေဩဇာများထည့်၍ မျိုးဥများ မချစိုက်ခင် ပြင်ဆင်ထားသော စိုက်ဘောင်များကို ၆ နာရီ ကြိုတင်ရေလောင်းထား၍ မြေနေရာအေးရန်လိုအပ်ကြောင်း၊ လီလီပန်းပင်သည် နေရောင်ကို ကြိုက်နှစ်သက်သော်လည်းမျိုးဥများသည် အေးသောရာသီဥတုကြိုက်နှစ်သက်သောကြောင့် စိုက်တွင်းအနက်အား ၆ လက်မတူး၍ စိုက်ရန်လိုအပ်ကြောင်း၊ ပင်ကြား၆လက်မအကွာ စိုက်ပျိုးထား ရှိကြောင်း၊ ရေများကို နှစ်ရက်တစ်ကြိမ် ဖျန်းပက် ပေးကြောင်း၊ အမိုးများ မိုးထားပေးခြင်းဖြင့် အပူဒဏ်ခံနိုင်၍ အစိုဓာတ်ကို ပိုမိုထိန်းထားပေးနိုင်ကြောင်း၊ ပေါင်းမြက်များကို လည်း တစ်လတစ်ကြိမ် နှိမ်နှင်းပေးရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ လီလီပန်းတွင် မျိုးကွဲပေါင်း(၁၀၀)ကျော်ရှိကြောင်း၊ အရောင်အားဖြင့် အဖြူ၊ အဝါ၊ ပန်းရောင် အနီရောင်၊ ခရမ်းများ ရှိကြောင်း၊ ပန်းပွင့်များပေါ်တွင် အစင်းကြောင်းများ ပါရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် လီလီပန်း အဖြူရောင်အမျိုး အစားကို စိုက်ပျိုးခဲ့ကြောင်း ၂၀၂၁ ခုနှစ် မတ်လတွင် အပွင့်များကို ခူးစွတ်ရရှိနိုင်မည်ဖြစ်ကြောင်း ကျောက်တလုံးကြီးမြို့ ဒုံအုံးရပ်ကွက် လီလီပန်းစိုက်တောင်သူ ဦးခွန်မောင်ထံမှ သိရသည်။

မြဝင်း(ပြန်/ဆက်)