မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြော

မြင်းခြံ ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက-၄ ကျောင်း၌ ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

ဟောပြောပွဲတွင် မြင်းခြံ မြို့မရဲစခန်းမှူး ဦးအောင်သန်းဇော်က မူးယစ်းဆေးဝါး သုံးစွဲခြင်းနှင့် ရောင်းဝယ်မှုတို့ကြောင့် အရေးယူခံနိုင်ရသည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကိုလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးအောင်ကျော်မင်းက မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲခြင်းဖြင့် ရရှိမည့်ပြစ်မှုပြစ်ဒဏ်များတို့ကို ဟောပြော ဆွေးနွေးသည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး သုတ/ရသစာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်အားပြသခဲ့ရာ အထက-၄ ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ၂၅၀  ကြည့်ရှုခဲ့ကြောင်း သိရသည်။ 

ချစ်ဦးနွေ(မြင်းခြံ)