ပြင်ဦးလွင် ဇွန် ၁၈
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် လူငယ်စကားဝိုင်းကို ယနေ့နံနက်၉နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
စကားဝိုင်းတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒါလီမြင့်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုစတင်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက Moderator အဖြစ် ဆောင်ရွက်ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ Grade-(11) ကျောင်းသူများဖြစ်သော မထိပ်ထားစံက “လူငယ်နှင့်စာပေ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလမင်းမိုမိုက “လူငယ်နှင့်စိတ်ခွန်အား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-(10)ကျောင်းသားများ ဖြစ်သော မောင်ရဲ၀င်းထွဋ်က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်လင်းလက်အောင်က“လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၀င် ဒေါ်မိမိလေးက ကျောင်းသား၊ ကျောင်းသူများ ဆွေးနွေးခဲ့ကြသည့်အပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးသည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက လူငယ် စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးခဲ့သော ကျောင်းသား၊ကျောင်းသူများက မေးမြန်းချက်များအပေါ် ပြန်လည် ဖြေကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/ကျောင်းသူ များအား တာ၀န်ရှိသူများက ဂုဏ်ပြုကတ်များနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။ ဆက်လက်၍ မေးခွန်းမေးမြန်းဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီးနောက် လူငယ်စကားဝိုင်းအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ခင်းကျင်း ပြသပေးခဲ့ကြသည်။ လူငယ်စကားဝိုင်းသို့ ဧည့်သည်တော်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများစုစုပေါင်း(၂၀၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင်၊ ပြန်/ဆက်)