တပ်ကုန်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစာရင်းသို့ ပါဝင်လှူဒါန်းနိုင်ရန် အလှူခံဌာနဖွင့်လှစ်

တပ်ကုန်း   ဇန်နဝါရီ  ၂၁

နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း  ဒေသခံပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေစာရင်းသို့ ပါဝင် လှူဒါန်းနိုင်ရန်  အလှူခံဌာနကို  ယမန်နေ့နံနက်ပိုင်းက စတင်၍ မြို့နယ်သာသနာပြုဗိမာန်တော်ကြီးတွင်  အလှူခံဌာန ဖွင့်လှစ် ကြောင်း သိရသည်။

“ကျွန်တော်တို့ တပ်ကုန်းမြို့နယ်အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာလ စတင်ကထဲက မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုကော်မတီ ဖွဲ့စည်းထားပါတယ်၊ အထောက်အကူအဖွဲ့က လိုအပ်တဲ့ရန်ပုံငွေများ အလှူခံ စုဆောင်းပါတယ်၊ စုဆောင်းရရှိတဲ့ ရန်ပုံငွေများကို မြို့နယ်အတွက် လိုအပ်တဲ့နေရာတွေမှာ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပါတယ်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့မှာတော့ မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များနဲ့ လက်ကျန်ငွေများကို ကာကွယ်ဆေးဝယ်ယူ ရရှိရေးရန်ပုံငွေစာရင်းသို့ ပါဝင်လှူဒါန်းနိုင်ရန် မတည်ထားပါတယ်၊ မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူများ မည်သူမဆိုပါဝင် လှူဒါန်းနိုင်ရန် အလှူခံဌာနဖွင့်လှစ်ရခြင်းဖြစ်ပါတယ်ဟု  တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့် က ပြောပြသည်။

“ကျွန်တော်တို့ကော်မတီအနေနဲ့ လက်ရှိရန်ပုံငွေလက်ကျန်ကိုတော့ ကာကွယ်ဆေးဝယ်ယူရေး လှူဒါန်းနိုင်ဖို့အတွက် (၃၉)သိန်း မတည်လှူဒါန်းပါတယ်၊ ယနေ့မှာတော့ ဦးကျော်တင့် (ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်) မိသားစု(၂)သိန်း၊ ဦးမောင်သိန်း (ဆီဇာ)မိသားစု (၃)သိန်း၊ ဦးစိန်ဝင်း မိသားစု (၃)သိန်း၊ ဦးလှသန်း (ရွှေဖလား)မိသားစု (၁)သိန်းနှင့် စေတနာရှင်တစ်ဦးက (၅)သောင်း စုစုပေါင်း (၉)သိန်းခွဲအလှူခံရရှိပါတယ်၊ အလှူခံဌာနကိုတော့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့မှ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ထိ ဖွင့်လှစ်မှာဖြစ်ပါတယ်ဟု မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းတိုး က  ဆက်လက်ပြောပြသည်။

တင်စိုးလွင် (ပြန်/ဆက်)