သံဖြူဇရပ် ဇွန် ၁၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိနားလည်ပြီး ရှောင်ကြဉ်နိုင်စေရန်နှင့် ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက အ.လ.က(ခွဲ) တောင်ဖလုကျောင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသီက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်တွင် တိုင်းပြည်ကအားထားရမည့် သားသမီးကောင်းများဖြစ်လာစေရန် မူးယစ်ဆေးဝါး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးကြောင့် လူငယ်များ၏ အနာဂတ်လမ်းပျောက်ကွယ်သွားနိုင်သည့် အခြေအနေများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)