သီပေါမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

သီပေါ ဇွန် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနစိတ်(သီပေါ)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပိတောက်ဆောင်ခန်းမတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်  ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ရာကြီး ဦးအေးချမ်းက အသိပညာပေးဟောပြောပွဲပြုလုပ် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်မဲခရိုင် မွေးမြူရေးနှင့် ကုသရေဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်ဝင်းက အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဌာနစိတ်(သီပေါ)မှ ဒုရဲအုပ်ကျော်ဇင်မိုး က ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒု-လက်ထောက် ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ရှိန်က “လူငယ်နှင့်အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးအသိပညာပေးဟောပြောသည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း၊ အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်