လားရှိုး ဇွန် ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် အသေးစားအငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၂/၂၀၂၆) ဒုတိယအကြိမ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး ဦးစိုင်းထွန်းနေလှိုင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီစိုး က ဌာနမှ ပြည်သူ့အကျိုးပြု ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်း အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးသည်။
သင်တန်းတွင် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများ၊ စားသောက်ကုန်တွင်သုံးစွဲသော ဓာတုပစ္စည်းများ၊ ထုပ်ပိုးမှုများနှင့် ကွတ်ကီး၊ နံကထိုင်၊ လျှာပေါ်ဝဲ၊ ပီဇာ၊ မွေးနေ့ကိတ်၊ ရေခဲမုန့်၊ ပေါင်မုန့်၊ စာကလေးခွေကြော် စသည့်မုန့်များအပါအဝင် မုန့်အမျိုးအစား စုစုပေါင်း ၁၆ မျိုး ပြုလုပ်နည်းများအား စာတွေ့လက်တွေ့ပို့ချ သင်ကြားပေးမည် ဖြစ်သည်။
အဆိုပါသင်တန်း ဒုတိယအကြိမ်အား ဇွန်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြား ပို့ချမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၀ ဦး တက်ရောက် သင်ကြားလျက်ရှိကာ လုပ်ငန်းထူထောင်လုပ်ကိုင်လိုသည့် သင်တန်းသားသင်တန်းသူ ၅ ဦးအား စိစစ်ရွေးချယ်ပြီး ငွေကျပ် ၁၈ သိန်းနှင့် ညီမျှသည့် လုပ်ငန်းထူထောင်ရန်လိုအပ်သည့် လုပ်ငန်းသုံး စက်ပစ္စည်းများ ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
လူမော် (ပြန်/ဆက်)