ကလော ဇွန် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့နှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက နန်းတိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ ခုနှစ် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးအန္တရာယ်နှင့်လူငယ်ရေးရာအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နန်းတိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က အမှာစကားပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းက မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းနှင့် အောင်ပန်းမြို့ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်မှ ရဲအုပ်ကျော်ဆန်းက လူကုန်ကူးမှုမခံရအောင် ပြုလုပ်ရမည်အချက်များ လူကုန်ကူးမှုအမျိုးအစားများ၊ လူမှုကွန်ရက်မှမိတ်ဆွေဖွဲ့ပြီး လူကုန်ကူးခံရနိုင်သည့်နည်းလမ်းများအကြောင်း အသီးသီးအသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ အားကျောင်းစာအပြင်၊ ပြင်ပအသိပညာဗဟုသုတများတိုးပွားရေးအတွက် လူကုန်ကူးမှုပပျောက်ရေးဆိုင်ရာ အကြောင်းနှင့်ကလေးအလုပ်သမားပပျောက်ရေးဝိုင်းဝန်းကူညီစောင့်ရှောက်ပေး အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)