နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတင်ဒါအတွက် နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေး

ဥတ္တရသီရိ  ဇန်နဝါရီ  ၂၁

နေပြည်တော် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီန ယ်မြေအတွင်း ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအတွက် လုပ်ငန်းတစ်ခုလုံးတင်ဒါအတွက် နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက် စစ်ဆေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီ က နေပြည်တော်၊ ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း က အဖွင့်အမှာ စကားပြောကြားရာတွင် အဆိုတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် ပစ္စည်းဈေးနှုန်းများနှင့် သယ်ယူ ပို့ဆောင်ရေးစရိတ် ဈေးနှုန်းများကိုလည်း မှန်ကန်စွာတွက်ချက်ပြီး ဖြစ်သင့်သည့် ဈေးနှုန်းများကိုသာ အဆိုပြုတင်သွင်းကြစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် က လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိလုပ်ငန်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို သိရှိ၍ လိုက်နာဆောင်ရွက်သွားရန်နှင့် တင်ဒါစည်းမျဉ်းစည်းကမ်းများအကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာများကို ပွင့်လင်း မြင်သာစွာ ဖွင့်ဖောက်စစ်ဆေးခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်း၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (၁၂)ခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)