လယ်ဝေး ဇွန် ၁၈
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို ဇွန် ၁၅ ရက်နေ့ နံနက်(၁၀)နာရီက လယ်ဝေးမြို့နယ် စံဝါအောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမဆောင်တွင် ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်(စာရေးဆရာမဇင်)က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း) ဦးမောင်မောင်တာ(စာရေးဆရာသဘာဝ)၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) နေပြည်တော်အသင်းခွဲဥက္ကဋ္ဌ လယ်ဝေးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဇော်အောင်(ဟိန်းအောင်) အတွင်းရေးမှူး ဦးစံဝင်း(ဘဝသစ်စာကြည့်တိုက်)တို့က မူးယစ်ဆေးစိတ်ပြောင်းဆေးများအကြောင်း ဆိုးကျိူးများပြစ်မှုပြစ်ဒဏ်များ၊ ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးအကြောင်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဓမ္မကျောင်းတော်များ သင်ကြားရေးဆရာဦးဇော်က ကျောင်းသား၊ ကျောင်းသူလေးများ ယဉ်ကျေးလိမ္မာစေရေး ဟောပြောခဲ့သည်။ ထိုနောက် ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်ဖောင်ဒေးရှင်းမှ စာအုပ်များ ကျောင်းစာကြည့်တိုက်အတွက် လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမို့မို့မောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)