ကွမ်းလုံမြို့၌ အထွက်တိုးမျိုးစပါး၊ အစေ့ထုတ်ပြောင်းမျိုးစေ့နှင့် ဓာတ်မြေသြဇာများ ထောက်ပံ့

ကွမ်းလုံ ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာတောင်သူများအား ဘိန်းအစားထိုးသီးနှံဖြစ်သည့် အထွက်တိုး မျိုးစပါး၊ အစေ့ထုတ်ပြောင်းမျိုးစေ့နှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ခြင်းအစီအစဉ်ကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့် က စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘုန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးလွင် က ဘိန်းအစားထိုသီးနှံများနှင့် ဓာတ်မြေသြဇာများ ထောက်ပံပေးအပ်ခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကောင်းကျဲကျေးရွာ၊ နမ့်ဟူးကျေးရွာ၊ ပြိန်းရဲကျေးရွာနှင့် ဝေါခြုံကျေးရွာရှိ တောင်သူများအား မျိုးစပါး(၅)ဧက၊ အစေ့ထုတ်ပြောင်း မျိုးစေ့ (၁၅)ဧကနှင့် ဓာတ်မြေသြဇာ (၃၈)အိတ်ကို တာဝန်ရှိသူတို့က ပေးအပ်ထောက်ပံ့ခဲ့ကြသည်။

ကွမ်းလုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများအား သီးနှံအလိုက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသင်တန်းပေးခြင်း၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ စံပြကွက်နှင့် စမ်းသတ်ကွက်များ ဆောင်ရွက်ခြင်း၊ ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သည့် မျိုးစေ့များ ဖြန့်ဖြူးခြင်းနှင့် ဒေသတွင်းရှိ တောင်သူများအနေဖြင့် စိုက်ပျိုးရေးနည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်အတွက် ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နောက်လာမည့်နှစ်တွင် ဒေသနှင့်ကိုက်ညီ၍ တစ်ဧကဝင်ငွေ ကောင်းမွန်သည့် ဝဥစိုက်ပျိုးခြင်း အစီအစဉ်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးလွင်ထံမှ သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)