တောင်ကြီး ဇွန် ၁၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်နှင့် ပြည်နယ်/ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဇွန်လ (၁၇) ရက်နေ့၊ နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ကလောမြို့နယ်၊ ဟဲဟိုးမြို့အနီးရှိ မျိုးချစ်နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ မွေးမြူရေးခြံမှ တာဝန်ရှိသူတစ်ဦးက နို့စားနွားမွေးမြူရေးခြံကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြီး ပြည်နယ်ဝန်ကြီးက မွေးမြူရေးခြံအတွက် အားတိုးဆေးနှင့် ကုသဆေးများကို ပေးအပ်သည်။ ဆက်လက်၍ မွေးမြူရေးခြံတွင် နွားများမွေးမြူထားမှုအခြေအနေနှင့် ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းနေရာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။ ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် သစ်အယ်ပင်ကျေးရွာအုပ်စုတွင် Forever Yay Wati Co.,Ltd မှ ဆောင်ရွက်လျက်ရှိသည့် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားအစီအစဉ်များ ရိုက်ကူးထုတ်လုပ်နိုင်ရန်အတွက် စတူဒီယိုများထူထောင်ခြင်းလုပ်ငန်းစီမံကိန်းနေရာသို့ ကြည့်ရှုစစ်ဆေးရာ၌ စီမံကိန်းရှင်းလင်းဆောင်၌ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက စီမံကိန်းအတွင်း အခြားနည်းသုံးစွဲခွင့် ရရှိရန်ကျန်ရှိသော မြေနေရာအား အခြားနည်းသုံစွဲခွင့်ရရှိအောင် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ပုန်းတလုတ်ရေကန် ရေရှည်တည်တံ့ခိုင်မြဲရေး ကျောက်ရိုးစီခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြီး လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ ပုန်းတလုတ်ရေကန်အား ရည်ရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မြကျောက် လက်ဖက်ခြောက်လုပ်ငန်း ဆောင်ရွက်သည့်နေရာသို့လည်းကောင်း၊ အမေ့အိမ်သဘာဝထုတ်ကုန်လုပ်ငန်း ဆောင်ရွက်သည့် လုပ်ငန်းနေရာသို့လည်းကောင်း ကြည့်ရှုစစ်ဆေးရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထိုမှတစ်ဆင့် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ တမဲကျေးရွာအုပ်စုရှိ ဧရိယာ(၇၉.၇၉)ဧကရှိ မြေပေါ်တွင် ဆိုလာလျှပ်စစ်ဓာတ်အားပေးစီမံကိန်း ဆောင်ရွက်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားမည့် မြေနေရာအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တင်ပြကြပြီး၊ ပြည်နယ်ဝန်ကြီးက ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် ပင်းတယမြို့နယ်၊ ပွေးလှမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း (၂၀၂၆-၂၀၂၇)ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် သောက်သုံးရေစက်ရေတွင်းအား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ တာဝန်ရှိသူတစ်ဦးက စက်ရေတွင်းဆိုင်ရာအချက်အလက် များအား ရှင်းလင်တင်ပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာစံပြကွက် စိုက်ပျိုးထားသည့် နေရာ၌ တောင်သူများအား စိုက်ပျိုးရေးအသိပညာပေးဆောင်ရွက်နေမှုနေရာသို့ ရောက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြီး ပြည်နယ်ဝန်ကြီးက တက်ရောက် လာသည့်တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ တောင်သူများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ စံပြကွက်အတွင်း လှည့်လည် ကြည့်ရှုသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ၊ ပင်းတယမြို့နယ်၊ ငဖိန်းအင်းကွင်းရှိ မွေးမြူရေးဇုန်မြေဧရိယာ (၁၅၇)ဧကအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုကို သွာရောက်ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှုများရှင်းလင်းတင်ပြကြပြီး၊ မွေးမြူရေးဇုန်အတွင်းနွားများ မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ငဖိန်းအင်းကွင်းအတွင်းရှိ မွေးမြူရေးဇုန်ရေရှိရေးလုပ်ငန်းအတွက် ငဖိန်းအင်ကန် ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)