တံတားမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အမျိုးသမီးဘဝ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

​တံတား ဇွန် ၁၈

​ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အခွင့်အရေးများကို ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ “အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ” ကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး‌ ဒေါ်မိုးဖြူလွင်က အမျိုးသမီးများသည် မိသားစုအတွင်း၌သာမက လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍစုံတွင် အဓိကကျသောအခန်းကဏ္ဍမှပါဝင်နေကြောင်း၊ မိမိတို့၏ စွမ်းဆောင်ရည်များကို ဖော်ထုတ်ပြီး ဘဝကိုပိုမိုမြှင့်တင်နိုင်ရန် အသိပညာဗဟုသုတများ အမြဲမပြတ်လေ့လာဆည်းပူးနေရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲများမှတစ်ဆင့် အမျိုးသမီးများအချင်းချင်း ချိတ်ဆက်ကူညီနိုင်သည့် ကွန်ရက်ကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုလိုဆွေးနွေးပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။

​‌ဆက်လက်၍ မပြည့်ဖူဇော်က ခေါင်းဆောင်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် အမျိုးသမီးများမိမိကိုယ်မိမိ ယုံကြည်မှုရှိရှိဖြင့် လုပ်ငန်းခွင်နှင့် လူမှုပတ်ဝန်းကျင်တွင် ဦးဆောင်နိုင်မည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ကျော်ဖြတ်နည်းလမ်းများအကြောင်း၊ စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍ၊ ကိုယ်ပိုင်စီးပွားရေး (သို့မဟုတ်) အိမ်တွင်းမှုလုပ်ငန်းများမှတစ်ဆင့် မိသားစုဝင်ငွေတိုးပွားအောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ဒီဂျစ်တယ်နည်းပညာအသုံးပြုမှုများအကြောင်း၊ အမျိုးသမီးတစ်ဦးကို ပညာသင်ပေးခြင်းသည် မိသားစုတစ်ခုလုံး၊ ရပ်ရွာတစ်ခုလုံးကို အလင်းပြလိုက်ခြင်းဖြစ်ကြောင်း၊ ပညာရေးသည် အမျိုးသမီးများ၏ဘဝကို ပြောင်းလဲပေးနိုင်သော အကောင်းဆုံးဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိသော အမျိုးသမီးဖြစ်ရန် စဉ်ဆက်မပြတ် လေ့လာသင်ယူသင့်ပါကြောင်း၊ "အတတ်ပညာနှင့် အသိပညာသည် အမျိုးသမီးများအတွက် မည်သူမျှ လုယူ၍မရသောရတနာဖြစ်ကြောင်း၊ ခေတ်နှင့်အညီ တိုးတက်နေသော နည်းပညာနှင့် ဗဟုသုတများကို ရဲရဲဝံ့ဝံ့ဆည်းပူးပြီး မိမိဘဝကိုမြှင့်တင်သင့်ပါ‌ကြောင်း ဆွေးနွေးပြီးနောက် မခင်ဇာခြည်မှလည်း ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများဖြစ်သည့် အမျိုးသမီးများ၏ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးမှုများအကြောင်း၊ သန်မာသောအမျိုးသမီးများသည် တစ်ဦးကိုတစ်ဦး နှိမ့်ချလေ့မရှိကြဘဲ အချင်းချင်းမြှင့်တင်ပေးလေ့ရှိကြောင်း၊ အမျိုးသမီးအချင်းချင်း ဖေးမကူညီခြင်း၊ အားပေးခြင်းနှင့် အသိပညာမျှဝေခြင်းဖြင့် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကို တတည်ဆောက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်းစာစောင်များကို တက်ရောက်လာသော စာပေဝါသနာရှင်အမျိုးသမီးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုငှားရမ်းခဲ့ကြောင်း သိရသည်။

လှိုင်သူဇာ(ပြန်/ဆက်)