တာလေမြို့တွင် အသိပညာပေးဟောပြောပွဲ၊  စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပ

တာလေ ဇွန် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက မိုင်းလင်း (အနောက်) ကျေးရွာအုပ်စု ၊ ပါလိုင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ စာအုပ် စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကျင်းပရခြင်းနှင့်ပတ်သတ်၍ ကျောင်းသား/ ကျောင်းသူများအား အသိပညာ ဗဟုသုတတိုးပွားရရှိစေရန်၊  စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်စေရန်နှင့် အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်များ အကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ/ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)