ရွှေကူ ဇန်နဝါရီ ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခန့်တွင် မြို့နယ်မိခင်၊ ကလေးကျန်းမာရေးဌာန၌ ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးခဲ့သည်။
ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် (၆)လမှ(၁)နှစ်အထိ ကလေးငယ်များအား ဗီတာမင်A (၁)သိန်းအား တိုက်ကျွေးခြင်း၊ (၆)လမှ(၂)နှစ်အထိ ကလေးငယ်များအား အာဟာရမှုန့် အထုပ်များ ခွဲဝေပေးခြင်း၊ (၁)နှစ်မှ(၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်A(၂)သိန်းအား တိုက်ကျွေးခြင်း၊ (၂)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များအား သန်ချဆေးများ တိုက်ကျွေးခြင်းနှင့် ကလေးအသက်(၆)လမှ (၅)နှစ်အထိ ကလေးငယ် များအား လက်မောင်းလုံးပတ်နှင့် ကိုယ်အလေး ချိန်များ တိုင်းတာခြင်းနှင့် အာဟာရ စောင့်ရှောက်မှု ပေးခြင်းများကို အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်အေးအေးခိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက် ခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များရှိ ကလေးငယ်များအား ရပ်ကွက် အလိုက် ပုံမှန်ကာကွယ်ဆေးများကို စနစ်တကျ တိုက်ကျွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)