အောင်မြေသာစံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက်ဆောင်ရွက်

မန္တ‌လေး ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်ရပ်ကွက်၌ ရက်(၁၀၀) စီမံချက်အဖြစ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့်ပညာပေးခြင်းများကို ဇွန် ၁၂ ရက်က  ကွင်းဆင်းဆောင်ရွက်သည်။

‎‎အခမ်းအနားသို့ တက်ရောက်လာသော ရပ်ကွက်နေပြည်သူများအား တိုင်းဒေသကြီး ပြည်သူကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းနွယ်နှင့်တာဝန်ရှိသူများက ကျန်းမာရေးအသိပညာပေးဟောပြောဆောင်ရွက်ပြီး တက်ရောက်လာသောရပ်ကွက်​နေ ပြည်သူများအား ဆေးစိမ်ခြင်ထောင်များပေးဝေသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနှင့် ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ခြင်လောက်လန်းသေဆေး (abate) ဆေးခပ်ခြင်းများဆောင်ရွက်ကြပြီး ချမ်းသာသုခကူညီရေးအသင်းမှ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြ‌ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်မိုရ်စိုး၊ မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သင်းသင်းနွယ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သီသီခိုင်(ရကပန)၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ချမ်းသာသုခလူမှုကူညီရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 မြင့်မော်ထွန်း(အောင်စံ)