ထန်းတပင်မြို့နယ်၌ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ (၅၃၁) ဧကကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဧက (၁၀၀) ကို ထပ်မံ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်

ထန်းတပင်(ရန်ကုန်) ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း အရည်အသွေးကောင်းမွန်သောစံပြကွက်များ ဖြစ်စေရေးအတွက် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧကများအဖြစ် ပြောင်းလဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိမြို့နယ်အတွင်း စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေဧက (၅၃၁) ဧကကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ရေတွင်းကုန်းကျေးရွာတွင် လယ်ယာမြေဧက (၁၀၀) ကိုထပ်မံ၍ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ​ကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။

ထန်းတပင်မြို့နယ်မှာ စနစ်ကျလယ်ယာမြေအဖြစ် ရေပေါ်သောင်ကျေးရွာမှာ (၃၈၁) ဧကနဲ့ ရေဖြူကျေးရွာမှာဧက (၁၅၀) ကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီးတော့ နောက်ထပ်လည်း ရေတွင်းကုန်းကျေးရွာမှာ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက (၁၀၀) ကို (၂၀၂၆-၂၀၂၇) ခု၊ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ခွင့်ရရှိဖို့အတွက်ကိုလည်း တင်ပြထားရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က ရှင်းပြသည်။

စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများအဖြစ် ပြောင်းလဲအကောင်အထည်ဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန်အတွက်လည်း ဇွန်လ (၁၇) ရက်နေ့၊ နံနက်ပိုင်းက ရေတွင်းကုန်းကျေးရွာတွင် မြို့နယ်တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာတွေ့ဆုံပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်တာဝန်ရှိသူများက စက်မှုလယ်ယာစနစ်ကျလယ်ယာမြေများအဖြစ် ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တောင်သူများရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကြပြီး ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများကပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

ထန်းတပင်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက ဖော်ထုတ်ခြင်း လုပ်ငန်းကို (၂၀၁၆) ခုနှစ်တွင် ပထမအကြိမ်အဖြစ် ရေပေါ်သောင်ကျေးရွာတွင် ဧကပေါင်း (၃၈၁) ဧကကိုလည်းကောင်း၊ (၂၀၂၁) ခုနှစ်တွင် ဒုတိယအကြိမ်မြောက်အဖြစ် ရေဖြူကျေးရွာ အုပ်စု၊ အုတ်ဖိုကျေးရွာတွင် ဧကပေါင်း (၁၅၀) ကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေဧကများ ဖော်ထုတ်ခြင်းကြောင့် ဒေသခံတောင်သူများ လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ ကူးပြောင်းရောက်ရှိခြင်း၊ တောင်သူများ အကျိုးရှိဝင်ငွေတိုးပွားစေခြင်း၊ ရေသွင်းရေထုတ်မြောင်းများ ကောင်းမွန်စေခြင်း၊ လယ်ယာကုန်ထုတ်လမ်းများကြောင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ သီးနှံများအထွက်တိုးပွားလာခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အထောက်အကူပြုသည့် အကျိုးကျေးဇူးများကိုပါ ရရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)