တာမွေ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ရက် (၁၀၀) စီမံချက်ဖြင့် စီစဉ်ကျင်းပသော မူးယစ်ဆေးဖြတ်သင်တန်းသားများအား လူနေမှုဘဝ နယ်ပယ်အသီးသီးတွင် ပြောဆိုဆက်ဆံနည်းများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ မြေလတ်ထင်ကျော်မိုးက နေ့စဉ်ပြောဆိုဆက်ဆံနေရသည့် လူနေမှုဘဝနယ်ပယ်အသီးသီးတွင် မည်ကဲ့သို့ ပြောဆိုဆက်ဆံရမည်ဆိုသည့် သိကောင်းစရာများနှင့် ပတ်သက်၍ မူးယစ်ဆေးဖြတ်ပြီးသူများအား အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများက လူနေမှုဘဝနယ်ပယ်အသီးသီးတွင် ပြောဆိုဆက်ဆံနည်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ စာရေးဆရာ မြေလတ်ထင်ကျော်မိုးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ယင်းနောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းက အသိပညာပေး ဟောပြောဆွေးနွေးပေးခဲ့သည့် စာရေးဆရာ မြေလတ်ထင်ကျော်မိုးအား ဂါရဝပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဖြတ်သင်တန်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လုပ်ငန်းစီမံချက်များနှင့်အညီ ရပ်ရွာအခြေပြု သင်တန်းတက်ရောက်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မူးယစ်ဆေးဖြတ် သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတများတိုးပွားစေရန်တို့အတွက် ရည်ရွယ်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးဆွေးနွေးဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင် (ပြန်/ဆက်)