မိုးနဲ ဇွန် ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ဦးစီးမှူးရုံးက ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စိုက်ခင်း၊စံပြစိုက်ခင်းများအတွက် မျိုးစေ့နှင့် ဓါတ်မြေဩဇာများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဝင်းက အဖွင့်မိတ်ဆက်စကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ယခုထောက်ပံ့ပေးအပ်လိုက်သော မျိုးစေ့နှင့်ဓာတ်မြေဩဇာများကို တောင်သူများစနစ်တကျ အကျိုးရှိစွာအသုံးပြုစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးက မျိုးစေ့နှင့်ဓာတ်မြေဩဇာများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မိုးနဲမြို့နယ်နှင့်ကျိုင်းတောင်းရှိ မျိုးစေ့ထုတ် ၅၅ ဧက၊ စံပြစိုက်ကွက် ၂၀ ဧက၊ စုစုပေါင်း ၇၅ ဧကအတွက် ပြည်နယ်အစိုးရ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မျိုးစေ့နှင့်ဓာတ်မြေဩဇာများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တောင်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)