ကျောက်ဆည် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၌ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် စုဝေးခန်းမတွင် မြန်မာကမ္မဏီလီမိတက်၊ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံနှင့် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာသင်းသင်းနွဲ့က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာသံတော်မြတ်ကုမ္မဏီလီမိတက်၊ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံ လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ဦးနေမျိုးစန်းလှိုင်က ဘိလပ်မြေထုတ်လုပ်ပုံအဆင့်ဆင့်အကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာသင်ကြားရာ၌ အထောက်အပံ့ရရှိရေး စက်ရုံလည်ပတ်နေမှုများအား လက်တွေ့ကွင်းဆင်းလေ့လာနိုင်ရေးအကြောင်းများ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံ လျှပ်စစ်နှင့်ရေစက်ပိုင်းတာဝန်ခံ ဦးကိုမင်းက စက်ရုံ၏ လျှပ်စစ်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ဦးနေမျိုးစန်းလှိုင်နှင့် တာဝန်ရှိသူများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိသည်။
မြန်မာသံတော်မြတ်ကုမ္မဏီလီမိတက်၊ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံသည် ကျောက်ဆည်မြို့ ဖျောက်ဆိပ်ပင်ကျေးရွာအနီးတွင် တည်ရှိပြီး စက်ရုံအား ၂၀၁၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ ဝန်ထမ်းအင်အား တစ်ထောင့်သုံးရာဦးခန့်ဖြင့် လည်ပတ်လျက်ရှိပြီး တစ်ရက်ဘိလပ်မြေတန်ချိန် တစ်သောင်းထွက်ရှိကြောင်း ဦးနေမျိုးစန်းလှိုင်က ပြောပြခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)