ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရန်အတွက် မြင်းခြံမြို့ အလှူရှင်များမှ ကျပ်သိန်း ၁၆၀၀ ကျော် လှူဒါန်း

မြင်းခြံ ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှ အလှူရှင်များက နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရေးအတွက် ယမန်နေ့အထိ ကျပ်သိန်း ၁၆၀၀ ကျော် လှူဒါန်း ထားရှိပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဘဏ္ဍာရေးဆပ်ကော်မတီက သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ဇန်နဝါရီလ ၁၅ ရက်ကနေ စပြီးတော့ မြင်းခြံမြို့ အလှူရှင်များက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဆက်သွယ်ပြီး လှူဒါန်း တာတွေရှိပါတယ် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ အလှူ ငွေ စုစုပေါင်း ကျပ်သိန်း ၁၆၀၀ ကျော် လှူဒါန်းထားရှိပြီး အလှူရှင်များကိုလည်း မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပါတယ်၊ နေ့စဉ် အလှူခံရရှိသည့် အလှူငွေများကို အမျိုးသားအဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဝယ်ယူရရှိရေး ရန်ပုံငွေစီမံခန့်ခွဲမှု ဆပ်ကော်မတီမှ ဖွင့်လှစ်ထားသော နေပြည်တော် မြန်မာ့စီးပွားရေး ဘဏ် မြန်မာကျပ်ငွေစာရင်းအမှတ် (OA-013733) သို့ အလှူရှင်များ၏ နာမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ အပြည့်အစုံဖြင့် အမြန်လွှဲပြောင်း လှူဒါန်းပေးကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဘဏ္ဍာရေးဆပ်ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်ထံ က သိရသည်။

အလှူရှင်များအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူနိုင်ရေး အလှူငွေများကို အမျိုးသားအဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဝယ်ယူရရှိရေး ရန်ပုံငွေစီမံခန့်ခွဲမှု ဆပ်ကော်မတီမှ ဖွင့်လှစ်ထားသော နေပြည်တော် မြန်မာ့စီးပွားရေးဘဏ် မြန်မာကျပ်ငွေစာရင်းအမှတ် (OA-013733) သို့လည်းကောင်း၊ မြင်းခြံမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဘဏ္ဍာရေး ဆပ်ကော်မတီ သို့ လည်းကောင်း ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

 ကျော်စွာ(မြင်းခြံ)