ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇွန် ၁၇

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သိမ်ဖြူအားကစားခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က ပြိုင်ပွဲများအလိုက် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသား 60 KG (ဂ) တန်းပြိုင်ပွဲနှင့် အမျိုးသား 63.5 KG (ဂ) တန်းပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုများ၊ အမျိုးသား (လူသစ်တန်း) ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ လင်းသူရအောင်၊ အမျိုးသား (ဂ) တန်း ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသည့် သာကေတမြို့နယ်မှ ထွန်းထွန်းထက်၊ အမျိုးသား (လူသစ်တန်း) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အသင်း၊ အမျိုးသား (ဂ) တန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဗိုလ်တထောင်မြို့နယ်အသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် တွံတေးမြို့နယ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုဖလားတို့ကို အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်အများဆုံးရရှိသည့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အသင်းအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက တံခွန်စိုက်ဆုဖလားကို ပေးအပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို လက်ဝှေ့အားကစားသမား (၁၄၅) ဦးဖြင့် ဇွန်လ (၁၂) ရက်နေ့မှ ဇွန်လ (၁၆) ရက်နေ့ အထိ ကျင်းပခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ Pan Pacific Hotel တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီး H.E. Mr. Hout Hak နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသဖွံ့ဖြိုးရေးတိုးတက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများကို အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ အာဇာနည်ဗိမာန်တွင် ၂၀၂၆ ခုနှစ်၊ (၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိသားစု တွေ့ဆုံခန်းမ၊ အာဇာနည်ဗိမာန်တွင် လွမ်းသူပန်းခွေချ အလေးပြုအခမ်းအနားနှင့် ရှင်းလင်းဆောင် စသည်တို့အား ပြင်ဆင်နေမှု ဆောင်ရွက်နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို () ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ရှိ ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သည့် ပစ္စည်းများနှင့် နေထိုင်ခဲ့သည့် နေရာများစသည်တို့အား ပြင်ဆင်နေမှု ဆောင်ရွက်နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) တွင် ပြခန်းများ၊ ဗိုလ်ချုပ်ရုံးခန်းနှင့် အစည်းအဝေးခန်းမစသည်တို့အား ပြင်ဆင်နေမှု ဆောင်ရွက်နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)