ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တိုင်းရင်းသား‌ရေးရာဝန်ကြီးများ ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းပေါင်းစပ်

မြစ်ကြီးနား ဇွန် ၁၇

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ စုပေါင်းပါဝင်ပြီး စည်းလုံးညီညွတ်ခြင်း၊ ငြိမ်းချမ်းပျော်ရွှင်စွာ အတူယှဉ်တွဲနေထိုင်ခြင်းတို့ကို ဖော်ဆောင်သည့်အနေဖြင့် ၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ယခင်နှစ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးဖလားအဖြစ် ကျင်းပခဲ့သော မျိုးနွယ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ယခုနှစ်တွင် အစဉ်အလာမပျက် ကျင်းပနိုင်ရေးအပြင် ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများသာမက ချင်း၊ ကရင်၊ ရခိုင်တိုင်းရင်းသားများပါ ပါဝင်နိုင်ရေး ဝန်ကြီးချုပ်ဖလားအဖြစ် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘောလုံးအသင်းတစ်သင်းအတွက် ငွေကျပ် ၁၀ သိန်းစီနှင့် ဘောလုံးဝတ်စုံထောက်ပံ့ပေးနိုင်ရန် လျာထားပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသတွင်း တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းပျော်ရွှင်စွာ အတူယှဉ်တွဲနေထိုင်မှုကို ပေါ်လွင်အောင် စည်စည်ကားကားဖြင့် ကျင်းပပြုလုပ်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဗမာ၊ လီဆူ၊ ရှမ်း၊ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးများက သက်ဆိုင်ရာမျိုးနွယ်စုအလိုက် ဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းဆောင်ရွက်ခဲ့မှုများအပေါ် မျိုးနွယ်စုအသီးသီး၏ အကြံပြုဆွေးနွေးချက်များနှင့် မျိုးနွယ်စုအလိုက် ဘောလုံးပြိုင်ပွဲများ ကျင်းပခဲ့မှုအခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ယခင်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့မှုအခြေအနေများနှင့် ပြိုင်ပွဲကျင်းပရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကချင်မျိုးနွယ်စု (၆) မျိုး၊ ရှမ်းမျိုးနွယ်စု (၅) မျိုးနှင့် ဗမာ၊ ရခိုင်၊ ချင်း၊ ကရင် တိုင်းရင်းသားမျိုးနွယ်စုများက မျိုးနွယ်စုဘောလုံးအသင်းများအတွက် လိုအပ်ချက်များ၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအပေါ် အကြံပြုသုံးသပ်ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးများက လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေးနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးတွက် ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြပြီး ကျင်းပပြုလုပ်မည့်အစီအစဉ်များကို ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)