မော်လမြိုင် ဇွန် ၁၇
ပြည်နယ်အခွန်များဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၈) ရက်စွဲပါ ရုံးတွင်းအမိန့်စာအမှတ် ၄၈၆/၂၀၂၆ အရဖွဲ့စည်းထားသည့် Tax Campaign လုပ်ငန်းစီမံချက် ကြီးကြပ်ရေး ကော်မတီ၏ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အခွန်ပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သွားရမှာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ မွန်၊ ပဲခူး၊ ဧရာဝတီနှင့် ပြည်ထောင်စုနယ်မြေစသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၇) ခုတို့တွင် တစ်ကြိမ်တည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်သွားရမည်ဖြစ်သည့်အတွက် မွန်ပြည်နယ်အတွင်း Tax Campaign လုပ်ငန်းအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အတ္ထရံခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမက အဖွင့်အမှာစကားပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန ပြည်နယ်အခွန် ဦးစီးဌာနမှူး ဦးဂျွန်စိန်ဂီမှ Tax Campaign လုပ်ငန်းဆိုင်ရာ အသေးစိတ်အချက် အလက်များနှင့် လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် မော်လမြိုင်တက္ကသိုလ်တွင် ကျင်းပပြုလုပ်မည့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းပွဲ Tax Campaign အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖိတ်ကြားထားသည့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်၍ အစည်းအဝေးသို့ စုစုပေါင်း (၁၁) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)