မန္တလေး ဇွန် ၁၇
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(နဝမနေ့)ကို ဇွန်လ ၁၆ ရက်နေ့နံနက် ၁၀ နာရီအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ အစီအစဉ် (၇) ရပ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် စုစုပေါင်း ၇၅ ဦးတက်ရောက်ကြသည်။
အစီအစဉ်အရ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၉ ဦးက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း ၁၃ ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီးက မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးခြင်းကို ရွေ့ဆိုင်းရန်အဆိုအား လွှတ်တော်သို့တင်သွင်းခြင်း၊ လွှတ်တော်ဥက္ကဋ္ဌက ၎င်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အတည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) ကို (၁၀:၅၅) နာရီ အချိန်တွင်ရပ်နားပြီး အစည်းအဝေး (ဒသမနေ့)ကို ၁၇.၆.၂၀၂၆ (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း