နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ပုဗ္ဗသီရိမြို့နယ်၌ (Placement Test) ဖြေဆိုနေမှု ကြည့်ရှုအားပေး

နေပြည်တော် ဇွန် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးနှင့် အလှမ်းဝေးကွာခဲ့ရသည့် ကျောင်းပြင်ပရောက်ကလေးများ (မူလတန်းဆင့်နှင့် အလယ်တန်းဆင့်) ကျောင်းသို့ပြန်လည်ရောက်ရှိ‌စေရေး အရည်အချင်းစစ်ဆေးခြင်း (Placement Test) အထူးအစီအစဉ်ကို ဇွန် ၁၅ ရက်နေ့က သတ်မှတ်ထားသည့် အခြေခံပညာ ကျောင်းစာစစ်ဌာနများ၌ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်စာ ဖြေဆိုနေမှုများကို ကြည့်ရှု အားပေးခဲ့သည်။

ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူငယ်များ စိတ်အေးချမ်းသာစွာဖြင့် ကောင်းမွန်စွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားကာ တာဝန်ရှိသူများအား ကလေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေး၊ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးနှင့် စာရေးကိရိယာ အထောက်အကူပြုပစ္စည်းများ လိုအပ်ချက်မရှိစေရန် ဖြည့်ဆည်းဆောင်ရွက်ပေးရေးရန် မှာကြားပြီး ကျောင်းဖွံ့ဖြိုးတိုး‌တက်စေရေးအတွက် အလှူငွေများနှင့် ကျောင်းသင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။

အဆိုပါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ (Placement Test) အထူးအစီအစဉ်ဖြင့် ဖြေဆိုခြင်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာနရှစ်ခုဖြင့် ဖြေဆိုလျက်ရှိရာ ယ‌နေ့‌တွင်အင်္ဂလိပ်စာဘာသာဖြေဆိုသူ ကျား ၄၇၁ ဦး၊ မ ၄၈၃ ဦး၊ စုစုပေါင်း‌ဖြေဆိုသူ ၉၅၄ ဦး လာရောက်ဖြေဆိုကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာခန်းမသို့ ရောက်ရှိကာ လယ်ဝေးခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လှုမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ ယနေ့တွေ့ဆုံပွဲသည် လယ်ဝေးမြို့နယ်အတွင်းရှိ မိဘပြည်သူတွေ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဌာနဆိုင်ရာများအကြား ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်သွားရန်ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်‌ကြောင်း၊ နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့်အတွက် သန့်ရှင်းသာယာ လှပရေး၊ စိမ်းလန်းစိုပြေရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အဓိကထားဆောင်ရွက်ပြီး Green City ၊ Clean City၊ Smart City အဖြစ် တိုးတက်အောင်ဆောင်ရွက်၍ စံပြနယ်မြေတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လယ်ဝေးမြို့နယ်၏ အဓိကစီးပွားရေးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ‌စေရန် စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ‌စေရေးသည် အဓိကအသက်သွေးကြောဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌စေရန်အတွက် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်ဧက အထွက်နှုန်း ပိုမိုထွက်ရှိအောင်ဆောင်ရွက်ရေး၊ ဆီထွက်သီးနှံစိုက်ပျိုးဧကများ ပိုမိုစိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်း ရရှိစေရေး၊ တစ်ဦးချင်း GDP တိုးတက်စေရေး တွန်းအား‌ပေးဆောင်ရွက်ဖို့ လိုအပ်ပါ‌ကြောင်း၊ မွေးမြူရေးကဏ္ဍတွင် ကြက်၊ ဝက်၊ နွားများကို တိုးချဲ့မွေးမြူပြီး ကြက်သား၊ ကြက်ဥ၊ အေးခဲအသားများ ထုတ်လုပ်ခြင်းစသည့် MSME လုပ်ငန်းများကို စံပြဖြစ်အောင် ဆောင်ရွက်ရေးနှင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မိဘပြည်သူများ အနေဖြင့် မိမိကျရာတာဝန်များမှ မိမိအကျိုးအတွက်၊ နိုင်ငံတော်အကျိုးအတွက် တက်ညီလက်ညီ ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ယင်းနောက် လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရက လယ်‌ဝေးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များကိုလည်း‌ကောင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက မိမိတို့ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ လူမှုစီးပွားဘဝ လိုအပ်ချက်များကို အသီးသီးတင်ပြကြရာ နေပြည်တော်တော်‌ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်ရှိ ဖောင်တော်ချက်မဘုရားသို့ သွားရောက်ကာ မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီတော်အား မူလပုံစံမပျက် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် တာဝန်ရှိသူများက စေတီတော်ကြီးအား မူလပုံစံမပျက် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ဖောင်တော်ချက်မဘုရား၏ သမိုင်းအကျဥ်းနှင့် အချက်အလက်များကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စေတီတော်အား ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း စနစ်တကျပြန်လည်ပြုပြင်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး မှာကြားခဲ့ပြီး အလှူငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သျှင်ဦးမောင်(ဒက္ခိဏ)