ငါန်းဇွန် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၃)အခြေခံပညာမူတန်းကျောင်း၌ ယနေ့နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင် များခင်းကျင်းပြခြင်း ဆောင်ရွက်သည်။
ဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါ်ဖြူသဲက ခွေးရူးရောဂါကာကွယ်ဖို့ ဝိုင်းဝန်းကူညီကြပါစို့ ခေါင်းစဉ်ဖြင့် အိမ်မွေးတိရစ္ဆာန်(ခွေး၊ ကြောင်)များကို ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်နည်း၊ ကာကွယ်ဆေးထိုးခြင်း၊ ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ခြင်း၊ ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများကို ရှင်းလင်းဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက မူးယစ်ဆေးဝါးဆိုတာ အဘယ်နည်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များကို ဆွေးနွေးဟောပြောသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်မို့မို့စံက သက်ရှည်ကျန်းမာဖို့ရာအတွက် ဘယ်လိုပြုမူနေထိုင်သင့်ကြောင်း၊ နေ့စဉ်အလွယ်တကူပြုလုပ်နိုင်သည့် ကိုယ်လက်လှုပ်ရှားမှု နည်းလမ်းများ၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများစသည့်တို့ကို ရှင်းလင်းဆွေးနွေး ဟောပြောပြီး အားကစားပစ္စည်းများကို လှူဒါန်းပေးအပ်ရာ ဆရာမ ဒေါ်မိုးမိုးက လက်ခံရယူခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူများအား ကိုယ်လက်လှုပ်ရှား အားကစားနည်းများကို လက်တွေ့ သရုပ်ပြခြင်း ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်များနှင့် သုတ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)