တောင်ကြီး ဇွန် ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေးစားရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပဉ္စမအကြိမ်မြောက် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့နံနက်ပိုင်းက တက်ရောက်ကြသည်။
ဦးစွာပြည်နယ်ဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် စာရင်းကိုင်ပညာသည် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို မှတ်တမ်းတင်ခြင်း၊ စိစစ်ခြင်းဆောင်ရွက်ရသည့်အတွက် လုပ်ငန်းများကောင်းမွန်စွာ လည်ပတ်နိုင်ရန် အရေးကြီးသည့် ပညာရပ်တစ်ခုဖြစ်ကြောင်း၊ စာရင်းစစ်ဆေးခြင်းဘာသာရပ်သည်လည်း လုပ်ငန်းတစ်ခုအောင်မြင်ရန် မရှိမဖြစ် အရေးကြီးသည့် ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် သင်တန်းကျောင်းမှ သင်ကြားပေးသည့် ပညာရပ်များဖြင့် တစ်ဖက်တစ်လမ်းမှ တာဝန်ထမ်းဆောင်နိုင်သူများဖြစ်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ဆန်အိတ် (၁၁၀) အိတ်နှင့် စားစရိတ်ငွေကျပ် (၁၀၆.၁၉) သိန်းအားလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း/အရှေ့ပိုင်း) သမဝါယမအသင်းစုချုပ်လီမိတက်မှ စားသုံးဆီတစ်နှစ်စာအတွက် အလှူငွေ (၄၈) သိန်းအား လည်းကောင်း ပေးအပ်ရာ သမဝါယမစာရင်းရေးစားရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)မှ တာဝန်ရှိသူများက လက်ခံရယူသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးက သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေး၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ပြည်နယ်(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် ဝယ်ယူရေးလုပ်ငန်းများ၏ အိတ်ဖွင့်တင်ဒါ စိစစ်ရွေးချယ်ခြင်း တင်ဒါဖွင့်ပွဲ အခမ်းအနားသို့တင်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်လိုအပ်ကြောင်း၊ စာချုပ်ပါစည်းကမ်းချက်များ အတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်သူမှ တင်ဒါဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ကုမ္ပဏီလုပ်ငန်းရှင်များမှ တစ်ဦးချင်း မိတ်ဆက်ကြပြီး Technical Proposal နှင့် Price Proposal များအား ဖွင့်ဖောက်စစ်ဆေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထက်ဝေ(ပြန်/ဆက်)