မြစ်ကြီးနား ဇွန် ၁၆
ကချင်ပြည်နယ်အတွင်း ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းများသယ်ယူ၍ စနစ်တကျ သိုလှောင်ဖြန့်ဖြူးရောင်းချနိုင်ရေး၊ ဈေးကစားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများအား အရေးယူကြပ်မတ်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင် ဦးဆောင်သည့် ကချင်ပြည်နယ် အိမ်ဆောက်ပစ္စည်းသယ်ယူသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက်ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးက ကချင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး အထူးအလေးထားကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကိုယ်စားလှယ်များအနေဖြင့် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီမှန်ကန်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကိုသာ သယ်ယူဖြန့်ဖြူးရောင်းချနိုင်ရေး စိစစ် ကြပ်မတ်သွားရန် ပြောကြားခဲ့သည်။
ထို့အတူ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဒေသခံများအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား သယ်ယူ၍ စနစ်တကျ သိုလောင်ဖြန့်ဖြူးရောင်းချရာတွင် သက်သာသည့် ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး၊ အရောင်း ကိုယ်စားလှယ်များနှင့် အရောင်းဆိုင်များအား ကြီးကြပ်နိုင်ရေး စသည့် လုပ်ငန်းအစီအမံများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)