ကျောက်တလုံးကြီး ဇွန် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ကျောက်တလုံးကြီးအခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ဦးစွာ အ.ထ.ကကျောက်တလုံးကြီးမှ ဆရာဦးန္ဒာဦးက ဟောပြောပွဲရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး နဝမတန်းတွင်ပညာသင်ယူလျက်ရှိသော မနန်းနိုးဟွမ်၊ မနန်းရွှေကြည်နှင့် မနန်းသဲဟွမ်တို့က မူးယစ်ဆေးသမိုင်းကြောင်း၊ မူးယစ်ဆေး၏ဆိုးကျိုး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်စပ်လျဉ်းသည့် အသိပညာပေးဆောင်ပုဒ်များစသည့် အကြောင်းအရာများကို ဟောပြောကြသည်။
ဟောပြောပွဲသို့ အ.ထ.ကကျောက်တလုံးကြီးမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/မများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးအန္တရာယ်ကင်းရှင်း၍ ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းများဖြစ်လာစေရန်နှင့် လူအများရှေ့တွင် စကားပြောစွမ်းရည်ကောင်းမွန်စေရန်၊ ဟောပြောနိုင်ရေးအတွက် စာပေများရှာဖွေဖတ်ရှု၍ အချက်အလက်များရှာဖွေစုဆောင်းတတ်စေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ဇော်နိုင်လင်း