ကျောက်မဲ ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် တက်ရောက်မည့် မွေးမြူရေးကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန်နှင့် ပညာရပ်ဆိုင်ရာ စိတ်ဝင်စားမှု မြင့်မားလာစေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဇွန် ၁၆ ရက်က အခြေခံပညာကျောင်းများသို့ ကွင်းဆင်းကာ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းဟောပြောရာတွင် ကျောက်မဲခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးနိုင်ဝင်းက မွေးမြူရေးပညာရပ်ကို လေ့လာသင်ယူရာတွင် သင်ကြားရမည့် ဘာသာရပ်ဆိုင်ရာ အချက်အလက်များ၊ အခြေခံပညာအထက်တန်း (စက်မှု၊ စိုက်ပျိုး၊ မွေးမြူ) ကျောင်းများမှတစ်ဆင့် ပေါ်ထွက်လာမည့် မွေးမြူရေးအတတ်ပညာရှင်များ၏ အခန်းကဏ္ဍနှင့် သင်တန်းဆင်းပြီးပါက ရရှိလာမည့် အလုပ်အကိုင်အခွင့်အလမ်းများကို အသေးစိတ်ရှင်းလင်းပို့ချသည်။
ဆက်လက်၍ ကျောက်မဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဝေမာထွန်းက အဆိုပါသင်တန်းကျောင်းများတွင် စာတွေ့သာမက လက်တွေ့ပညာရပ် များကိုပါ စနစ်တကျ သင်ယူရရှိနိုင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့အပြင် ကျောင်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား လစဉ်ပညာသင်ထောက်ပံ့ကြေး အဖြစ်တစ်ဦးလျှင် ငွေကျပ် ၁၀,၀၀၀ စီ ထောက်ပံ့ပေးသွားမည့်အပြင် ဗလာစာအုပ်များနှင့် စာရေးကိရိယာများကိုပါ အခမဲ့ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဟောပြောပွဲများကို ကျောက်မဲမြို့ပေါ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခွဲတို့တွင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်