ကချင်ပြည်နယ် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်ပေးခြင်းနှင့် အလုပ်သမားရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မြစ်ကြီးနား ဇွန် ၁၆

ကချင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီအနေဖြင့် အိမ်တွင်းမှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေကာ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း သင်တန်း (၄)ခုလျာ ထားသည့်အနက် ပထမအကြိမ်အဖြစ် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကို ဇွန် ၁၅ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၊ သင်တန်းခန်းမ၌ ဖွင့်လှစ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ယနေ့သင်တန်းသည် လျှပ်စစ်ပညာရပ်ဖြင့် ပတ်ဝန်းကျင်၊ လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ပြီး ကျွမ်းကျင်မှုအပေါ် မူတည်၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သည့်အတွက် သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် ကြိုးကြိုးစားစား လေ့လာသင်ယူကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဆပ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဇော်မျိုးထွေးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် သင်တန်းများအား ချိတ်ဆက်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ဦးမျိုးမင်းဦးက သင်တန်းဆိုင်ရာအချက်များနှင့် သင်တန်းတွင် ပို့ချပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက သင်တန်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ၁၅-၆-၂၀၂၆ ရက်နေ့မှ ၁၀-၇-၂၀၂၆ ရက်နေ့အထိ ရက်သတ္တပတ် (၄)ပတ်ကြာ စာတွေ့/လက်တွေ့ ဖွင့်လှစ်မည့် သင်တန်းအား တက်ရောက်ကြမည့် သင်တန်းသား / သင်တန်းသူ (၂၀)ဦးတို့အား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသုံးပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကချင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် သင်တန်း (၃)ကြိမ်ဖြင့် သင်တန်းသား (၆၇)ဦး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် သင်တန်း(၅)ကြိမ်ဖြင့် သင်တန်းသား (၁၄၅)ဦး၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် သင်တန်း(၆) ကြိမ်ဖြင့် သင်တန်းသား (၁၅၄)ဦး စုစုပေါင်းသင်တန်း(၁၄)ကြိမ် သင်တန်းသား (၃၆၆)ဦးတို့ကို သင်ကြားပေးနိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် သင်တန်း(၄)ကြိမ် ဖွင့်လှစ်သွားရန် လျာထားကြောင်း သိရသည်။

ထို့အတူ အဆိုပါသင်တန်းဖွင့်ပွဲအပြီးတွင် အလုပ်သမား‌ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/ အဖွဲ့တို့က အလုပ်သမားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးဇော်မျိုးထွေး ဦးဆောင်၍ လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဘေဘီစိုးနှင့် တာဝန်ရှိသူများက အဓမ္မခိုင်းစေမှုပပျောက်ရေး၊ လူမှုဖူလုံရေးအာမခံစနစ်ထားရှိမှု၊ အလုပ်သမားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)